16/09/2026
ရိုဟင်ဂျာများပြန်လည်လက်ခံရေးအတွက် စကစ ဥက္ကဠ မင်းအောင်လိူင် မလေးရှားသို့ တရားဝင်ဖိတ်ကြားခံရ
====================
မလေးရှားနိုင်ငံအတွင်း လက်ရှိရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ ခန့်အား မူရင်းနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) က မြန်မာစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်အား တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိတ်ခေါ်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။
ဤသံတမန်ရေးရာ ကြိုးပမ်းမှုသည်ရေရှည်ကြုံတွေ့နေရသည့် ဒုက္ခသည်ပြဿနာနှင့်ပတ်သက်၍ မလေးရှားပြည်သူများ၏ စိုးရိမ်ပူပန်မှုများကိုဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
မူလသဘောတူညီချက်များအရ မြန်မာဘက်မှပထမအဆင့်အဖြစ် ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည်လက်ခံရန် သဘောတူထားပြီး၊ ပထမဆုံးအသုတ် လူ ၁,၅၀၀ ကို လာမည့်နှစ်ပတ်အတွင်း ပြန်လည်ပို့ဆောင်သွားမည်ဖြစ်သည်။
ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် အစားအသောက်၊အဝတ်အထည်နှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အပါအဝင် ကုန်ကျစရိတ်များကို မလေးရှားနိုင်ငံက ကျခံပေးသွားမည်ဖြစ်သည်။ ဒုက္ခသည်ထိန်းသိမ်းရေးစခန်းများတွင် တစ်ဦးအတွက် တစ်ရက်လျှင် ရင်းဂစ် ၅၀ မှ ၂၀၀ အထိ ကုန်ကျနေသည့် စီမံခန့်ခွဲရေးစရိတ်များနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ သယ်ယူပို့ဆောင်ရေးစရိတ်များ ကျခံပေးခြင်းက ပိုမိုသက်သာကြောင်း အန်ဝါက ထောက်ပြခဲ့သည်။
Sembang Oh Yeah ပေါ့ဒ်ကတ်စ် (podcast) တွင် ပြောကြားရာ၌ အန်ဝါက ဒုက္ခသည် အများအပြား ဝင်ရောက်လာခြင်းသည် ယခင်အစိုးရများ၏ ဆုံးဖြတ်ချက်များကြောင့်ဖြစ်သည်ဟုအပြစ်တင်ခဲ့ပြီး၊ ယခုအစိုးရအနေဖြင့် လက်တွေ့ကျသည့် သံတမန်ရေးရာ နည်းလမ်းဖြင့် ဖြေရှင်းရန် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံအနေဖြင့်နေပြည်တော်ဖြင့်ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ၊ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများကို ပြန်လည်လက်ခံရန် အပြည့်အဝတာဝန်ယူရမည်ဟုအန်ဝါက အလေးပေးပြောဆိုခဲ့သည်။